ဘုတ်ပြင်း ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အပါအဝင်၊ ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယမန်နေ့ညနေက (အ.ထ.က)ဘုတ်ပြင်းကျောင်းတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါကျောင်း နဝရတ်ခန်းမ၌ ဘုတ်ပြင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက မျက်မှောက်ကာလမှာ ငလျင်နှင့် ဆူနာမီလေးတွေဟာ ကမ္ဘာပေါ်ရှိ အဖျက်စွမ်းအားအကြီးမားဆုံး ဘေးအန္တရာယ်တွေဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် နှစ်စဉ်လူတွေသေဆုံးကြရပြီး ငလျင်ဘေးကြောင့် သေဆုံးရမှုက အများဆုံးဖြစ်ကြောင်း အခြားမုန်းတိုင်းဘေးနှင့်ရေဘေးတို့ကြောင့် သေဆုံးရမှုက ဒုတိယနှင့်တတိယအများဆုံးဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ကြုံတွေလာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ် ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦဝင်းမင်းစိုးက သဘာဝဘေးအန္တရာယ်ကျရောက်မည်ဆိုပါက အရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်ရမည့်အခြေအနေများ၊ ဒဏ်ရာရရှိနေသူများအား ကူညီကယ်ဆယ်ရာတွင် ကယ်ဆယ်ရေးပစ္စည်းအသုံးပြု၍ စနစ်တကျသယ်ယူနည်းများ၊ ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ဗီဒီယိုမှတ်တမ်းများပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်မှု အခြေအနေများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းရှေ့မြက်ခင်းပြင်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းများအဖွဲ့ဝင်များက ငလျင်ဘေးကြုံတွေလာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ ဒဏ်ရာရရှိသူများ အားအရေးပေါ်ရှေးဦးပြုစုနည်းများ၊ လူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ သယ်ယူပို့ဆောင်နည်းများစသည့်တို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုအား ဘုတ်ပြင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)