ကိုဗစ်အတည်ပြုလူနာများအား ကုသမှုပေးနိုင်ရန်ပြင်ဆင်ထားသည့် မန္တလေးအလုပ်သမားဆေးရုံကြီးမှ အာမခံအလုပ်သမားလူနာများအား လူမှုဖူလုံရေးရုံးခွဲဆေးခန်းတို့တွင် ကုသပေး

မန္တလေး၊ နိုဝင်ဘာ ၁၆

မန္တလေး အလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉အတည်ပြုလူနာများ ကုသမှုပေးနိုင်ရန်အတွက် ကုသမှုစင်တာအဖြစ် ပြင်ဆင်လိုက်သည့်အတွက် ဆေးရုံကြီးတွင် ပုံမှန်ကုသမှုပေးနေသည့် အာမခံအလုပ်သမားလူနာများအတွက် လူမှုဖူလုံရေးရုံးခွဲနှစ်ခုတွင် ယာယီဖွင့်လှစ်ကာဆက်လက်ကုသမှုပေး လျက်ရှိကြောင်း မန္တလေး အလုပ်သမားဆေးရုံကြီးရှိ ယာယီဆေးရုံအုပ်ကြီးထံကသိရသည်။

“ကိုဗစ်ရောဂါဖြစ်တဲ့အချိန်မှာ အာမခံအလုပ်သမားလူနာ၂၀ဦးခန့်အတွက်ရည်ရွယ်ပြီး ပြင်ဆင်ထားတာဖြစ်တယ်၊ မန္တလေးမှာ ကိုဗစ်ရောဂါကူး စက်မှုကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေကို ကုသမှုပေးနိုင်အောင် ကုသမှုစင်တာအဖြစ် လူနာ ၁၀၀ဦးစာ ပြင်ဆင်ထား ပါတယ်၊ လူနာ၂၀ ဦးစာအတွက် အောက်ဆီဂျင်ပိုက်လိုင်းဆွဲထားတယ်၊ CCTV တွေ၊ စပီကာတွေတပ်ဆင်ထားတယ်၊ လက်ရှိ အနေအထားထိတော့ လူနာတက်ရောက်ရှိခြင်း မရှိသေးပါ ဘူး” ဟု မန္တလေးအလုပ်သမား ဆေးရုံကြီးမှ ယာယီ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ကိုကို က ပြောသည်။

ဆေးရုံကြီးတွင်ပုံမှန်ကုသမှုပေးနေသည့် အာမခံအလုပ်သမားလူနာများအနေဖြင့် ၁၂လမ်း၊ ၈၈လမ်းနှင့် ၈၉လမ်း ကြားရှိ အောင်မြေသာစံမြို့နယ် လူမှုဖူလုံရေး ဆေးခန်းနှင့် ၉၂လမ်း၊ ၃၅လမ်း နှင့် ၃၄လမ်းကြား ချမ်းအေးသာစံမြို့နယ်လူမှုဖူလုံရေးဆေးခန်းတို့တွင် နိုဝင်ဘာလ ၅ရက်နေ့မှစတင်၍ ရုံးဖွင့်ရက်များ၌ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၄နာရီ အထိ ကုသပေးလျက်ရှိကြောင်းသိရသည်။

 “ပုံမှန်ကုသမှုပေးနေတဲ့ အာမခံအလုပ်သမားတွေအနေနဲ့ တစ်ဖက်တစ်လမ်းက အခက်အခဲတွေ ရှိတဲ့အတွက်အဆင်ပြေအောင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ညှိပြီး အရေးပေါ်ဆေးရုံတက်ဖို့ မလိုအပ်တဲ့ လူနာတွေကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံတွေကို လွှဲလို့ရအောင် ဆောင်ရွက်ထားတာရှိပါတယ်၊ ပြင်ပလူနာအနေနဲ့ကတော့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ ရုံးခွဲ ဆေးခန်းတွေမှာ ဆေးပေးနိုင်တဲ့အဆင့်ထိဆောင်ရွက်ထားပါတယ်၊ မန္တလေးအလုပ် သမားဆေးရုံကြီးမှာ ပေးသကဲ့သို့ပေးနိုင်အောင် ဆေးတွေပါ စီစဉ်ဆောင်ရွက်ထားပါတယ်၊ မနက်ပိုင်း ၉နာရီကနေ ၁၂နာရီ အတွင်းပြသပြီးဆေး ထုတ်ယူလို့ရပါတယ်၊ လိုအပ်ရင်အထူးကုဆရာဝန်ကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်ရတော့မယ်ဆိုရင် Telecommunication ပုံစံမျိုးနဲ့ ရုံးခွဲမှာရှိတဲ့ဆရာဝန်တွေကနေတဆင့် ဆရာဝန်ကြီး တွေကို ဆက်သွယ်ပြီးလိုအပ်တဲ့ ကုသမှုတွေလုပ်သွားနိုင်မှာပါ”ဟု ဆက်လက်ပြောသည်။

ယင်းဆေးရုံကြီးမှာ အောင်မြေသာစံမြို့နယ် ၆၆လမ်း၊ ၁၃လမ်းနှင့် ၁၄လမ်းကြားရှိ ကုတင် ၁၅၀ ဆံ့ဆေးရုံကြီးဖြစ်ပြီး ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အာမခံအလုပ်သမားများ မမာကျန်းမှု၊ လုပ်ငန်း ခွင်ထိခိုက်မှု၊ မီးဖွားမှု၊ လုပ်ငန်းခွင်မတော်တဆဖြစ်ပွားမှုနှင့် အလုပ်နှင့်ဆိုင်သော ရောဂါများဖြစ်ပွား သည့်အခါ ပြန်လည်သန်စွမ်းသည်အထိ လိုအပ်သောကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံကြီး၏ ဆေးဖိုးပြန်အမ်းခြင်းအတွက် ခွင့်ပြုငွေကို ငွေကျပ် သုံးသောင်းမှ ခြောက် သောင်းသို့တိုးမြှင့်ထားကြောင်း၊ အာမခံစနစ် ၆မျိုးအနက် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှု အာမခံ စနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့အတွက် ဆေးဝါးကုသမှုကိုဆောင်ရွက်ပေးလျက်ရှိပြီး အရိုးကုသဆောင် နှင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ များဖြစ်ပွားသော အာမခံလူနာများကိုလည်း ကုသပေးလျက်ရှိကြောင်းသိရသည်။

ထိပ်ထားနိုင်