ကော့သောင်းခရိုင် လန်ပိကျွန်းအနီးတဝိုက် ကျောက်ငါးများရေပေါ်တွင် အရှင်မျောပါနေမှု ငါးလုပ်ငန်းဦးစီးဌာနမှ သွားရောက်စစ်ဆေး

ကော့သောင်း၊ နိုဝင်ဘာ ၁၆

ကော့သောင်းခရိုင်၊ အဏ္ဏဝါအမျိုးသားဥယျဉ် လန်ပိကျွန်းအနီးတစ်ဝိုက်ကျွန်းများဖြစ်သည့် ကိုဖေါ့အော်၊ ညောင်ဝီးကျွန်းတစ်ဝိုက် ပင်လယ်ပြင်အတွင်း ကျောက်ငါးများ ရေပေါ်တွင်အရှင်မျောပါနေမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှယမန်နေ့က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ပင်လယ်ပြင်အတွင်းအရှင်မျောပါနေသည့် ငါးများအနက် ကျောက်ငါးတစ်မျိုးတည်း အများဆုံးတွေ့ရခြင်း၊ ဒဏ်ရာဒဏ်ချက်မရှိခြင်း၊ မျောပါနေချိန်တွင်အသက်ရှင်လျက်ရှိပြီး အမြီးနှင့်ရေယက်များလှုပ်ခပ်နိုင်ခြင်း၊ အာခေါင်သည် အဝါရောင်သန်းလျက်ရှိပြီး ဆီဖေါင်းပြူထွက်နေမှုမရှိခြင်း၊ နံနက်ပိုင်းအချိန် ဆယ်ယူရရှိသော ကျောက်ငါးအား ပင်လယ်ရေဖြင့် ထည့်ထားရာ ရှစ်နာရီခန့်အထိရှင်နေခြင်း၊ သေဆုံးချိန်တွင် ပါးဟက်အရောင်ပြောင်းသွားခြင်း၊ ဖြစ်ပွားသည့်နေရာသည်-လတ်တီကျူ့ ၁၀ဒီ ၃၀ မိ နှင့်၄၀ မိနစ်ကြား၊ လောင်ဂျီကျု- ၉၈ ဒီ ၁၀ မိနစ် နှင့် ၁၈မိနစ်ကြား အထူးသဖြင့် လတ်-၁၁ဒီ၁၀မိနှင့် ၂၈မိနစ်၊လောင်- ၉၈ဒီ ၀၃ နှင့်၀၅ နေရာများတွင်သာ အများဆုံးတွေ့ရှိရပြီး ကျန်ဒေသများတွင် မတွေ့ရှိရခြင်း၊ အနီးအနားရွာများ၏ ချောင်းအတွင်း ကျောက်ငါးများ လှောင်အိမ်ဖြင့်မွေးမြူထားသည့်ကျောက်ငါးများ သေဆုံးမှုမရှိခြင်း စသည့်အချက်များတွေ့ရှိရကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်၏ပြောကြားချက်အရ သိရသည်။

ကျောက်ငါးများပေါ်လာမှုကြောင့် ဒေသခံတစ်ချို့ စိုးရိမ်မှုမြှင့်တက်လျှက်ရှိပြီး ထိုပေါ်လာသည့်ငါးများအား ချက်ပြုတ် စားသောက်သူများ ကျန်းမာရေးထိခိုက်မှုလက္ခဏာများမပြကြောင်း ယခင်နှစ် မိုးနှောင်းကာလ ညောင်ဝီးကျွန်းအနီးဝန်းကျင်တွင် ကျောက်ငါးပေါ်သည့်ဖြစ်စဉ်ရှိဖူးသော်လည်း ယခုနှစ်လောက် ကောင်ရေမများကြောင်း၊ ပင်လယ်ကြမ်းပြင်ရေချိုစီးကြောင်းကြောင့်သော်လည်း ကောင်း၊ ကျောက်ငါးနှင့် ဓါတ်မတည့်သော ဖြစ်ပွားမှုတစ်စုံတစ်ရာကြောင့်သော်လည်းကောင်း ရေပေါ်တက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန်အားသိရှိနိုင်ရေး ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကျောက်ငါးနမူနာ နှစ်ကောင်၊ ရေနမူနာ သုံးဘူး(ရေအနက်မီတာအလိုက်)တို့အား ရန်ကုန်မြို့ရှိအဏုစိတ် သရုပ်ခွဲခြင်းဆိုင်ရာဓါတ်ခွဲခန်းများဌာန၊ ငါးရောဂါဌာန၊ ရေအရည်အသွေးစစ်ဆေးရေးဌာနများသို့ ဓါတ်ခွဲသုတေသနပြုရန် ပေးပို့ထားကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)