မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊  စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် အသိပညာဗဟုသုတများ ပြည့်စုံစေရေးအတွက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စန္ဒာကြည်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က (၃) ကျောင်းမှ၊ ဆရာမ ဒေါ်နီနီထွေးက စာစီစာကုံး ရေးသားယှဉ်ပြိုင်မှုများအား သုံးသပ်ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသမီးများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူ လူငယ်များနှင့်ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)