မန္တလေးတိုင်းဒေသကြီးအတွင်း Stay at Home (၃) မြို့နယ်ရှိ အလုပ်ဌာန ၆၆ ခုမှ အာမခံအလုပ်သမား ၉၀၀ ကျော်အတွက် ငွေကျပ် ၆၃၈ သိန်းကျော် ထုတ်ပေးနိုင်ခဲ့

မန္တလေး၊ နိုဝင်ဘာ   ၁၆

ကိုဗစ်-၁၉ ဖြစ်ပွားမှုကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း Stay at Home (၃) မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၆၆ ခုမှ အာမခံအလုပ်သမား ၉၀၀ ကျော်အတွက် ၄၀ ရာခိုင်နှုန်းငွေကြေးထောက်ပံ့မှုခံစားခွင့် ငွေကျပ် ၆၃၈ သိန်းကျော် ထုတ်ပေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။

"မန္တလေးတိုင်းဒေသကြီးမှာ အမရပူရမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်တွေကို နိုင်ငံတော်ကနေ Stay at Home မြို့နယ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲဒီမြို့နယ်တွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ပိတ်ရမယ့်အလုပ်ဌာနရှိသလို ဖွင့်ရမယ့်အလုပ်ဌာနရှိပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ စက်သုံးဆီ၊ ဆေးဝါးထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကတော့ မဖြစ်မနေဖွင့်လှစ်ရမှာဖြစ်ပါတယ်။ ဖွင့်လှစ်ရမယ့် ဌာနတွေကအပ အစိုးရကပိတ်ရမယ်လို့ ကြေညာတဲ့ဌာနတွေကနေ ၄၀ ရာခိုင်နှုန်း လျှောက်ထားခွင့်ရှိပါတယ်။ လျှောက်ထားတဲ့အခါမှာ Online ကရော မြို့နယ်ရုံးတွေကရော လျှောက်ထားလို့ ရပါတယ်။ ရုံးချုပ်က ခွင့်ပြုချက်ချထားတဲ့အခါ ချက်လက်မှတ်နဲ့ထုတ်ပေးတာရှိသလို Online Banking နဲ့ရော ပေးတာတွေရှိပါတယ်။ ပထမဆုံးကတော့ တစ်ရက်တည်း အမရပူရက ဌာန၃၀နဲ့ မန္တလေးမြို့ လူမှုဖူလုံရေးရုံးခွဲ - ၂၉ ဌာနကို ပေးလိုက်ပါတယ်။ ရုံးချုပ်ကနေ ခွင့်ပြုမိန့်တွေ ဆက်တိုက်ကျလာလို့ ဆက်ပြီးပေးခဲ့တာ အခုလက်ရှိကတော့ အဲဒီ ၃မြို့နယ်အတွက် ၆၆ဌာန အလုပ်သမား ၉၈၅ဦး ငွေကျပ် ခြောက်ရာသုံးဆယ့်ရှစ်သိန်း တစ်သောင်းတစ်ထောင်ငါးရာလေးဆယ်ကျပ် ထုတ်ပေးပြီးဖြစ်ပါတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ပြောသည်။

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားအတွက် ၂၀၂၁ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁ဝဝပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁(ခ)(၂) နှင့် နည်းဥပဒေ ၁၃၆(ခ)တို့အရ ၆/၂၀၂၀ လမတိုင်မီ ထည့်ဝင်ကြေးငွေအနည်းဆုံး ၃၆ လပေးသွင်းထား ခြင်းမရှိစေကာမူ ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေး သွင်းထားပြီး ၂၀၂ဝခုနှစ် စက်တင်ဘာ ၂၃ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေး သွင်းထားသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေး ထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။

" ရုံးချုပ်ကနေထုတ်ပေးရမယ့်ဌာန ဟုတ်၊ မဟုတ် Confirm လုပ်ခိုင်းတာရှိတယ်။ အမရပူရမြို့နယ်က ၁၁ ဌာနပေါ့နော်။ သူတို့စိစစ်ပြီးပြီ။ ဒါပေမယ့် သူတို့ရဲ့လုပ်ငန်းအမျိုးအစားရှိတယ်။ တချို့လုပ်ငန်းတွေကကျ ဌာနနာမည်ဘဲပါတယ်။ Marketing ဆိုတာဘဲ ပါတယ်။ Marketing ကလည်း အမျိုးမျိုးရှိတယ်။ အဲဒါကြောင့်တကယ် ပိတ်ထားတဲ့ဌာနလား။ ဖွင့်ရမယ့်ဌာနတွေလားဆိုပြီး ရုံးချုပ်က ပြန်မေးတာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဌာနကြည့်ရုံနဲ့မသိဘူး။ အဲဒါကြောင့် ပေးရမယ့်ဌာနဆိုတာကို ရုံးခဲ့ကနေ ရုံးချုပ်ကို ပြန်တင်ပြရတာ။ အဲလိုတင်ပြပြီး မကြာမီခွင့်ပြုမိန့်ရတော့မှာပါ။ " ဟု ဆက်ပြောသည်။

မန္တလေးတိုင်ဒေသကြီးတွင် ကိုဗစ်-၁၉ ကာလ  Stay at Home သတ်မှတ်ထားတဲ့မြို့နယ်  ၃ ခုမှ လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်းသည့် အလုပ်ဌာနများမှ အလုပ်သမားလစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ရန်စာရင်းပြုစုခဲ့ရာ လုပ်ငန်းပေါင်းခုနစ်ရာငါးဆယ်ကျော်ရှိပြီး အလုပ်သမားဦးရေ နှစ်သောင်း တစ်ထောင်ကျော် ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်