မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၆
မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ယနေ့အချိန်ထိ ၂ဝဝ ဦးရေနီးပါးရှိလာပြီ ဖြစ်သည့်အတွက် ပိုးတွေ့လူနာများ စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် လက်ရှိကုသ ပေးလျက်ရှိသော မြို့နယ် ကုတင်၁ဝဝ ဆေးရုံကြီးနှင့် ၁၆ ကုတင်ဆန့် တိုင်းရင်းဆေးရုံတို့အပြင် လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် အရန်ဆေးရုံ တစ်ခု ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အတွက် အရန်ဆေးရုံအဖြစ် အသုံးပြုနိုင်ရန် ကုတင် ၅ဝ ဆေးရုံအဟောင်းအား ယနေ့မှစ၍ ပြုပြင်ပြင်ဆင် လျက်ရှိသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် volenteer အဖွဲ့များမှ လိုအပ် သည်များ လိုက်လံကြည့်ရှု စစ်ဆေးပြီး ပြင်ဆင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်သည်။
မြို့နယ်တွင် အထက(၁)၊ အားကစားခန်းမသစ်၊ ကုတင်၅ဝဆေးရုံ၊ မြို့မအလက Quarantine Centre များအပြင် လိုအပ်ပါက ထပ်မံအသုံးပြရန် အထက(၂)ကျောင်းအား အမျိုးသား အသွားအလာကန့်သတ် ဆောင်အဖြစ် ထပ်မံတိုးချဲ့ ပြင်ဆင်လျက်ရှိသည်။
မြို့နယ်တွင် ယနေ့အချိန်ထိ ကုတင် ၁ဝဝဆေးရုံကြီးတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၇၁)ဦးအား မြို့နယ်ဆရာဝန်ကြီး ဦးစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဂရုစိုက်ကြပ်မတ် ကုသပေးလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
သီတာအောင်(ပြန်/ဆက်)