မလှိုင်မြို့၌ မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် အထူးရဲများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

   မလှိုင်၊ နိုဝင်ဘာ ၁၆

၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပခဲ့သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်ဝင်ရောက်  တာဝန်ထမ်းဆောင်ခဲ့ကြသည့်  အထူးရဲများကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့က မလှိုင်မြို့၊ မြို့မရဲစခန်းဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဝင်းနိုင်က အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးက မလှိုင်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၂၁ဝ) တွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များကို တပ်ခွဲအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဂုဏ်ပြုလွှာပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနှင့် မြို့မ၊ နှောကန်၊ ဆည်တို၊ စခန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                အောင်ဌေး(မလှိုင်)