ထားဝယ် ဇူလိုင် ၃
ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာအမျိုးသမီးများနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိသော အမျိုးသမီးများ အပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေး နယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (Phase II) ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ဦးစားပေး ကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည် စွမ်းအားမြင့်မားစေရေးတို့အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျား/မတန်းတူ ညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍ အသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မှတ်တမ်းတင် Video ပြသမှုနှင့် မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက စည်းလုံးစို့လေသွေးချင်း တို့ရဲ့ပြည်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)