ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ်ဥပဒေဆိုင်ရာဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ဒေါ်ကေခိုင်ဝင်း (စီမံချက်အရာရှိ) က ရှင်းလင်းပြောကြားပြီး၊ ကလေးအခွင့်အရေးနှင့် ကလေးသူငယ်ဥပဒေ သိရှိနားလည်မှုအား ဆန်းစစ်ဆွေးနွေးခြင်းများကို စီမံချက်အရာရှိ ဒေါ်တင်နီလာဝင်းက ဦးဆောင်ဆွေးနွေးသည်။
ယင်းနောက် ဥပဒေ၏အဓိပ္ပါယ်၊ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကလေးသူငယ်အမှုကိစ္စများနှင့်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခဲ့မှုများ ရှင်းလင်းဆွေးနွေး၍ ၁၉၉၃ ခုနှစ်ကလေးသူငယ်ဥပဒေနှင့် ၂၀၁၉ ခုနှစ် ကလေးသူငယ် ဥပဒေများအား ဦးစိုးမိုး (စီမံကိန်းတာဝန်ခံ) က နှိုင်းယှဉ်ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ကလေးသူငယ်အမှုအခင်းများ လျော့ကျစေရန်နှင့် ထိရောက်သည့် အရေးယူမှုများဖြင့် ဥပဒေအရ သက်ရောက်မှုရှိစေရန် တက်ရောက်လာသူများက အုပ်စုအလိုက် သုံးသပ်ဆွေးနွေးမှုများဆောင်ရွက်ခြင်းနှင့် အဖွဲ့အလိုက်ပြန်လည်တင်ပြ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Upper KMN) အနေဖြင့် ကျောက်ပန်းတောင်းပြန်/ဆက်ဦးစီးဌာနတွင် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က တစ်နေ့တာ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ကလေးအခွင့်အရေးများဆိုင်ရာ ဆွေးနွေးပွဲကို တစ်ရက်တာကျင်းပခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါဆွေးနွေးများသို့ Upper KMN မှ တာဝန်ရှိသူများ၊ ရုံးရွာ ၊မကျီးတိုင်းကျေးရွာ၊ဈေး ကုန်းကျေးရွာ၊ မြို့ရှေ့အထကနှင့် စံပြရပ်ကွက်မူလတန်းလွန်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကော်မတီဝင်များ၊ စုစုပေါင်း (၃၄)ဦးတက်ရောက် ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)