သရက်ချောင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

သရက်ချောင်း ဇူလိုင် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကျ‌ရောက်လာရပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်မှ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေးနည်းလမ်းများကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့နှင့် ပရဟိတအသင်း အဖွဲ့များက ကျောင်းသား/သူများအား မုန်တိုင်းအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကျ‌ရောက်လာရပါက ထိရောက်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)