တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက  စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဓိကအနေဖြင့် ဥပဒေနှင့်အညီ စက်မှုဇုန်အသစ်များ ဖော်ဆောင်ရန်၊ တည်ထောင်ပြီးစက်မှုဇုန်များအား  တိုးမြှင့်သွားရန်၊ ခရိုင်/မြို့နယ်/ရပ်ကွက် အသီးသီးတွင်ရှိသော ပြန့်ကျဲနေသည့် စက်မှုလုပ်ငန်းများကို ဇုန်အတွင်း စုပေါင်းလုပ်ကိုင်စေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေကာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်ပြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စက်မှုဇုန်နှင့် ပတ်သက်၍ တိုင်းဒေသကြီး၌ စက်မှုဇုန်လုပ်ငန်းကို မြိတ်မြို့တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်များရှိပြီး ယခုအချိန်အထိလည်ပတ်ကာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ကြောင်း၊ မြိတ်မြို့တွင် စက်မှုဇုန်လုပ်ငန်းဆောင်ရွက်ပြီးသည့်အချိန်၌ ထားဝယ်တွင် ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ယခုအချိန်အထိ စက်မှုဇုန်အား ကြိုးစားလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူပင် ထီးခီးဒေသတွင်လည်း စက်မှုဇုန် စတင်လုပ်ကိုင်ဆောင်ရွက်ရန် ကြိုးစားခဲ့သည်များရှိကြောင်း၊ တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သက်သာသော ဈေးနှုန်းဖြင့်ရရှိရန် အရေးကြီးကြောင်း၊ ဒါမှသာ တိုင်းဒေသကြီး၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပြီး အောင်မြင်နိုင်ကြောင်း၊ ကော်မတီများအနေဖြင့် ကြိုးစားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် အဓိကလိုအပ်ချက်သည် စက်မှုဇုန်ပေါ်ပေါက်လာပြီး ကုန်သွယ်မှုအနေဖြင့် လည်းလုပ် ကိုင်ဆောင်ရွက်နိုင်သည့်အပြင် ဒေသအတွင်းမှ ပြည်သူများအား အလုပ်အကိုင်ရှားပါးမှုကို ဖြေလျော့ပြီး အလုပ်အကိုင် ရရှိရေးအတွက်  စဉ်ဆက်မပြတ် ကြိုးစားကာ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြန့်ကျဲနေသော စက်မှုလုပ်ငန်းများကို ပေါင်းစပ်ရန် အရေးကြီးကြောင်း၊ ဒါမှသာစက်ရုံအတွက် မီးရရှိရေး၊ ရေရရှိရေး၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်ပေး၍ရကြောင်း၊ တိုင်းဒေသကြီးတွင် အထူးသဖြင့် စက်မှုဇုန်အား ပို၍လိုအပ်ကြောင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးစက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အောင်မြင်ဖြစ်ထွန်းသည့် စက်မှုဇုန်များ ပေါ်ပေါက်စေရေးကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)