မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းရှူး      နိုဝင်ဘာ      ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ ​နမ့်ကတ်ဂိတ်နှင့် နားစံဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် မိုင်းရှူးမြို့နယ်အတွင်းသို့ အခြားနေရာဒေသများမှ လာရောက်လျက် ရှိကြသူများ၊ ခရီးသွားတို့ကို ကျန်းမာရေးစစ်ဆေးခြင်း၊ လူအဝင်/အထွက် ကြည့်ရှုစစ်ဆေးခြင်း၊ ကုန်စည်ပြတ်လပ်မှုမရှိစေရေးအတွက် သွားလာခွင့် ပြုထားသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များ ကျန်းမာရေး ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းများ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့များ ပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်း အဖွဲ့ဖွဲ့၍ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)