ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား ကော်ဖီနှင့်ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဇော်မိုးက ကော်ဖီနှင့်ကိုကိုးပင်များ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံ ပြည်သူများအား ကော်ဖီနှင့်ကိုကိုးပျိုးပင် တစ်ဧကလျှင် ပျိုးပင် (၄၀၀) နှုန်းဖြင့် ဒေသခံပြည်သူ (၂၅) ဦးအား၊ ဧက(၂၀) အတွက် ပျိုးပင်(၈၀၀၀)ကို စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပျိုးထောင်ထားသော ကော်ဖီနှင့်ကိုကိုးပျိုးပင်များကို လေ့လာ ကြည့်ရှုခဲ့ကြသည်။
ကောဖီနှင့်ကိုကိုးပင်များကို မျိုးစေ့ချရာ (၄၅) ရက်အကြာတွင် လိပ်ပြာရွက်အဆင့်သို့ ရောက်ရှိပြီးပျိုး အိတ်ဖြင့် ထည့်သွင်းပျိုးရပြီး၊ အရွက် (၆) စုံ မှ(၈) စုံသို့ ရောက်ရှိသည့်အခါ မြေပေါ်သို့ချ၍ စိုက်ပျိုးနိုင်ပြီဖြစ်ရာ၊ စိုက်ပျိုးပြီး (၃)နှစ်အကြာတွင် အသီးများခူးဆွတ်နိုင်ပြီဖြစ်သည်။ ပြည်ကြီးမဏ္ဍိုင်အတွင်းရှိ ကျေးရွာအုပ်(၅)အုပ်စုသို့ ကော်ဖီလျာထား (၇၀) ဧကနှင့် ကိုကိုးလျာထား (၁၀) ဧကအတွက် ပျိုးထောင်ထားသော ကော်ဖီ (၈) လသားအရွယ်နှင့် ကိုကိုး (၆) လသားအရွယ် ပျိုးပင်များကို ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)