မြိတ် ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သိုလှောင်ရုံစီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့သင်တန်းပေးခြင်းနှင့် မြေပြင်လက်ကျန်စာရင်း ကောက်ယူခြင်းသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သည်။
တန်ဖိုးရှိသည့် ပစ္စည်းများသိုလှောင်ပါက သိုလှောင်ရုံ၏ စည်းစနစ်အတိုင်း မဆောင်ရွက်ပါက ပစ္စည်းများ တာရှည်မခံဘဲ အရည်အသွေးကျဆင်းခြင်း၊ တကယ်လိုအပ်သူများ လက်ထဲရောက်ရှိပါက အဆင်မပြေမှုများဖြစ်နိုင်ကြောင်း၊ သိုလှောင်ရုံတစ်ခု၏ (၇၀)ရာခိုင်နှုန်းသာ ပစ္စည်းများထားသိုပြီး လေဝင်လေထွက်ကောင်းရမည်ဖြစ်သောကြောင့် သိုလှောင်ရုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ စနစ်တကျရှိစေရန်နှင့် နည်းစနစ်အတိုင်းဆောင်ရွက်ပြီး အဓိကအားဖြင့် အကူအညီလိုအပ်နေသူကို ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက သိုလှောင်ရုံတွင် အဓိကဆောင်ရွက်နေသည့် တာဝန်ရှိသူများမှ ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း စနစ်ကျသည့်ထိန်းသိမ်းမှု စာရင်းဇယားတည်ဆောက်မှု စသည့်ပညာရပ်များကို ရရှိမည်ဖြစ်သည့်အတွက် တန်ဖိုးရှိကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သိုလှောင်ရုံဆိုင်ရာစီမံခန့်ခွဲခြင်း လုပ်ထုံးလုပ်နည်းများ၊ သယ်ယူပို့ဆောင်ရေးနှင့်မော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာ စသည့်သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၂၁)ဦး တက်ရောက်ခဲ့ကြ၍ ဇူလိုင်လ(၄)ရက်မှ(၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)