ရေကြည် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲ (၁၁၉) ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်းကံညွန့်က ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသည့် အထူးရဲ (၁၁၉) ဦးကို (၁-၁၀-၂၀၂၀) ရက်နေ့မှ (၂၈-၁၀-၂၀၂၀) ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ သင်တန်းပို့ချခဲ့ပြီး ဥပဒေအကြောင်း သိကောင်း စရာများ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရဲကျင့်ဝတ် ဘာသာရပ်များ၊ အထူးရဲတာဝန်များ၊ ပြစ်မှုဆိုင်ရာဥပဒေများကို သင်ကြားပေးခဲ့ပြီး ၎င်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ၍ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အထူးရဲများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)