ဘုတ်ပြင်းမြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၅) ရက်နေ့က အ.ထ.က-‌‌ တောင်ဒဂုံကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က-‌ တောင်ဒဂုံကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်မြို့နယ် သစ်တောဦးစီးမှူး ဦးဇောင်သင်းက အသိပညာပေး ဟောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်သည်များ၊  သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သစ်တောနှင့်ရာသီဥတု ပြောင်းလဲမူဆိုင်ရာများ၊ သစ်တောနှင့်ရေဝေရေလဲဒေသ အခြေအနေများ၊ သစ်တော၏ အကျိုးကျေးဇူး စသည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဘုတ်ပြင်းမြို့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး  ဦးကြည်ဦးက ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးက ငါးသယံဇာတ ထိန်းသိမ်းရေးနှင့်ပတ်သက်သည်များကို အသီးသီးဟောပြောခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား သစ်ပင်ပျိုးပင်များကို ပေးအပ်ခဲ့ပြီး အဆိုပါကျောင်းဝန်းအတွင်းစုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)