ဇလွန် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော်က ဇလွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ် ပြီဆုံးသည်အထိ မိမိတို့ တာဝန်များအား ကျေပွန်စွာဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ မဲရုံ(၁၆၆)ရုံ၌ လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် (၁၆၆)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သော ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)