မိုးနဲ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ရွှေပိုးပရဟိတအသင်းနှင့် အလှူရှင်များ ပူးပေါင်းကာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များတွင် ဆွမ်း ၊ကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ဆားနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ (၁၂)ပါးဒေဝီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် ရွှေပိုးပရဟိတအသင်းနာယက စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ရွှေပိုးပရဟိတအသင်း မှ ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက (၁၂) ဒေဝီဘုန်းတော်ကြီးကျောင်း သို့ ဆွမ်းဆန်တော် တစ်အိတ် ၊ဆီ သုံးပိဿာ ၊ငါးသေတ္တာဘူး ၁၀ ဘူး ၊ကြက်ဥ အလုံး ၃၀ အပါအဝင် ဆွမ်းဟင်းလျာများအတွက် စားသောက်ကုန် ၂၈ မျိုးကို ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂန္ဓမာက လက်ခံခဲ့ကြောင်း သိရသည်။
အလားတူ ကာဟကျေးရွာအုပ်စု ပန်စိမ်းကျေးရွာ ကာဟဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် နှစ်အိတ် ၊ဆီငါးပိဿာ ၊ငါးသေတ္တာဘူး ၃၀ ဘူး ၊ကုလားပဲ ၁၀ ပိဿာ အပါအဝင် ဆွမ်းဟင်းလျာအတွက် စားသောက်ကုန် ၃၄ မျိုးကိုလည်း ယမန်နေ့ညနေပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)