မယ်စဲ့မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မယ်စဲ့    ဖေဖော်ဝါရီ  ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမိုးပန်းမွန် (ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာသင်ကြားရုံဖြင့် မပြည့်စုံသေးဘဲ စာပေမှပေးသော အသိများဖြင့် မှန်ကန်သည့်အတွေးအခေါ်များ၊ စိတ်ဓာတ်များကိန်းအောင်းနေစေရန်၊ ဆွေးနွေးသူများ အချင်းချင်း ရင်းနှီးချစ်ကြည်မှု ရရှိစေရန်နှင့် စာဖတ်ခြင်း၏အနှစ်သာရများကို သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်အင်နန်းစိုး၊ မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်နှင့် နဝမတန်းကျောင်းသား မောင်မျိုးမြင့်ဇော်တို့က စာရေးဆရာမိုးမွန်(ရာမည)၏ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ပါ လူငယ်လူရွယ်များ လူတော်လူကောင်းဖြစ်ကြရန်၊ ရသစာပေသည် အရိုင်းဆန်သောစိတ်ကို ပြုပြင်ပြောင်းလဲပေးနိုင်ပုံနှင့် လူငယ်တို့လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတွင် အတ္တကိုဗဟိုမပြုသော ရွှေရောင်အနာဂတ်များ ပိုင်ဆိုင်နိုင်စေပုံတို့ကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် Women Club အဖွဲ့ဝင် ဒေါ်အင်နန်းစိုးက ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)