မိုးကုတ် နို၀င်ဘာ ၁၆
မိုးကုတ်မြို့တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်များတွင် ခရီးသည်များ တင်ဆောင်လာမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ယာဉ်လိုင်းဂိတ်များနှင့်ဆွေးနွေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဆွေးနွေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက မိုးကုတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကိုဗစ် - ၁၉ ရောဂါ ကာလ မော်တော်ယာဉ်ပြေးဆွဲမှုဆိုင်ရာ ညွှန်ကြားချက်များအား ရှင်းလင်းခြင်းပြောကြားခဲ့ပြီး မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်မှ မန္တလေးတိုင်းအတွင်းနှင့် မိုးကုတ်မြို့တို့တွင် ကိုဗစ် - ၁၉ ရောဂါ လူနာများ တွေ့ရှိမှုအပေါ် ကုသမှုပေးနေခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ ရောဂါပိုး ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်သည့်အတွက် အများပူးပေါင်းပါ၀င်မှသာ ထိရောက်မည်ဖြစ်ပါကြောင်း ဒေသတွင်း ကူးစင်မှုများ ဖြစ်ပေါ်မလာစေရေး အတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကူညီစေလို ပါကြောင်း ပြောကြားခဲ့သည်။ထို့နောက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေး ဆပ်ကော်မတီ၀င် ဦး၀င်းဦးနှင့် ဦးဇော်၀င်း (မြတ်စေတ နာ)တို့မှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် မော်တော်ယာဉ်များနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့ပြီး မော်တော်ယာဉ်လုပ်ငန်းများမှ ပူးပေါင်းပါ၀င် လိုက်နာရ မည့် အချက်များကိုဆွေးနွေးခဲ့ကာ ကဏ္ဍအသီးသီးတွင် တာ၀န်ရှိသူများမှ ဆက်လက်ဆွေးနွေးမှု အပေါ် တက်ရောက်လာသည့် ဂိန်တာ၀န်ခံများမှ ပါဝင်ဆွေးနွေးပြီး တာ၀န်ရှိသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ (မိုးကုတ်)