တနင်္သာရီ နိုဝင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလ စီးပွါးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်မည့် Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်က စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အဓိကစံနှုန်း(၆)ချက်နှင့်အညီ ရွေးချယ်နိုင် ရေး တင်ပြဆွေးနွေးပေးရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များက သတ်မှတ်ချက်များနှင့် ကိုက်ညီသော (VDP) ကျေးရွာ (၇) ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ(၁၄)ရွာတို့အား ရွေးချယ်ပေးကြပြီး၊ ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များ၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)