သီပေါမြို့နယ်အတွင်းရှိ (CERP)အရစိုက်ပျိုးသောမိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်းအား တတိယအကြိမ် မျိုးကွဲပယ်ခြင်း ကွင်းဆင်းဆောင်ရွက်

သီပေါ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan  အရ စိုက်ပျိုးသောမိုးစပါး(RS-CS) မျိုးစေ့ထုတ်  စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ၊ ဆားတွင်းကျေးရွာနှင့် မန်ဟဲ ကျေးရွာအုပ်စု ၊ နားခဲကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက မျိုးကွဲပယ်ခြင်းနှင့်  ပေါင်းမြက်နုတ်ပယ်ခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တတိယအကြိမ် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မိုးစပါးမျိုးစေ့ထုတ်ဧကများစိုက်ပျိုးမှုကို သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာရှိ လယ်များတွင် (၃၀) ဧကနှင့် မန်ဟဲကျေးရွာအုပ်စု၊ နားခဲကျေးရွာရှိ လယ်များတွင်(၂၅)ဧက စုစုပေါင်း (၅၅)ဧကကို စိုက်ပျိုး ထားလျက်ရှိပြီးအဆိုပါ မျိုးစေ့ထုတ်လုပ်မှော်ဘီ(၂)စပါးများ အထွက်နှုန်း      ကောင်းမွန်စေရေး၊ မျိုးရောနှောမှုမရှိစေရေး၊ မျိုးကွဲပယ်ခြင်းနှင့် ပေါင်းမြက်များနုတ်ပယ်ခြင်းတို့ကို ကျောက်မဲခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်ခရိုင်မျိုးစေ့ တာဝန်ခံ ဦးဇော်ဝင်း၊ ခရိုင်ပိုးမွှားကာကွယ်ရေး တာဝန်ခံ ဒေါ်ချောစုထွေးတို့ကဦးဆောင်၍  သီပေါမြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး နှင့်ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်(၅၅)ဧက စိုက်ပျိုးထားပြီး တောင်သူများအနေဖြင့် ဒေသတွင်း မျိုးကောင်း မျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက် လာစေရန်၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း ဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိမှုကို လက်တွေ့ကျကျ သိရှိလာစေရန်နှင့် စပါးအထွက်နှုန်းတိုးပွားကာ စျေးကောင်းရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးထွန်းမင်းဦးက ပြောကြားသည်။

 

ခင်လေး(သီပေါ၊ပြန်/ဆက်)