ရပ်ဘော့-ပန်နန်းဒင်လမ်းပိုင်း(၃၄)မိုင်အား ကျောက်ချောလမ်းအဆင့်သို့ မြှင့်တင်ဖေါက်လုပ်ပေးရန် ဒေသခံပြည်သူများမျှော်လင့်

 

ပန်နန်းဒင် နို၀င်ဘာ ၁၆

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခါကာဘိုရာဇီဒေသ နောင်မွန်မြို့နယ် ရပ်ဘော့ မှ ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသည့်လမ်းပိုင်း(၃၄)မိုင်ကို ကျောက်ချောလမ်းအဆင့်သို့ မြှင့်တင်ဖေါက်လုပ်ပေးပါရန် ဒေသခံများ မျှော်လင့်နေကြောင်း  သိရသည်။

နောင်မွန်မြို့နယ် ရပ်ဘော့ မှ ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသည့်လမ်းပိုင်း(၃၄)မိုင်ကို ကျောက်ချော လမ်းအဆင့်သို့ မြှင့်တင်ဖေါက်လုပ်ပြီးပါက ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့ မြို့ပေါ် ရပ်ကွက်ရှိ ပြည်သူ(၁၃၀)ကျော်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုရှိပြည်သူလူထု စုစုပေါင်း(၂၀၀၀)ဦးခန့် အသုံးပြုသွားလာ နိုင်မည်ဖြစ်ပြီး ပညာရေး၊ကျန်းမာရေး၊စီးပွားရေးနှင့်လူမှုရေး စသည့်အဖက်ဖက်တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့် ပါကြောင်း ဒေသခံတစ်ဦးဖြစ်သူ မ-မေရီက ပြောကြားသည်။

ယခုလက်ရှိတွင် ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့အထိ လူနှင့်ဆိုင်ကယ်လမ်းအဆင့်သာ ဖေါက်လုပ် ပေးထားရာ လူနှင့်ဆိုင်ကယ်များသာ တစ်နှစ်ရာသီပတ်လုံးသွားလာနိုင်ပြီး ယာဉ်ငယ်များမှာ ဆောင်းတွင်း ပွင့်လင်းရာသီ အချိန်များတွင်သာ ပန်နန်းဒင်မြို့ တစ်ဖက်ကမ်းအထိ သွားလာနိုင်ပြီး မိုးတွင်းရာသီကာလများတွင် ယာဉ်ငယ်(လူစီးကားသေး)များ သွားလာ၍ မရပါကြောင်း ပန်နန်းဒင် မြို့လမ်းဦးစီးဌာနအင်ဂျင်နီယာ ဦးဇော်ရာဆင် ထံမှ သိရသည်။

နောယော်ဘော်(ပြန်/ဆက်)