မိုးညှင်းမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ၄၀ ရှိ Volunteer ၃၁၆ ဦးအတွက် ငွေကျပ် ၂၈၄၄၀၀၀၀ ထောက်ပံ့

မိုးညှင်း  နိုဝင်ဘာ  ၁၆

မိုးညှင်းမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (၄၀)တွင် ပါဝင်ကူညီခဲ့ကြသည့် Volunteer ၃၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၈၄၄၀၀၀၀ ပေးအပ်ခြင်းကို ​ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံပေးအပ်ရာ အမျိုသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေနိုင်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးတို့ တက်ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပါဝင်ကူညီခဲ့ကြသည့် Volunteer တစ်ဦးကို တစ်ရက်လျှင် ဆီဖိုးငွေ ၅၀၀ကျပ်နှင့် စားသောက်စရိတ် ၂၅၀၀ကျပ်အတွက် (၁)လစာကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ရာ အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနာယက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးထံ ပေးအပ်သည်။

ဆက်လက်၍ မိုးညှင်းမြို့ပေါ်ရှိ ပုညရှင်မျက်စိကုဆေးရုံနှင့် မိုးညှင်းတက္ကသိုလ်ဝင်းအတွင်း စံပယ်ဆောင်တို့တွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် ပါဝင်ကူညီခဲ့ကြသည့် We Love Mohnyin မှ Volunteer(၃၀)ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၇၀၀၀၀၀ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်က လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ Volunteer (၃၅)ဦးအတွက် ငွေကျပ် ၃၁၅၀၀၀၀ ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက လည်းကောင်း ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (၃၈)ခုမှ Volunteerများအတွက် ကိုလည်း သက်ဆိုင်ရာ စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ ဆက်လက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားခဲ့သည်။

ကျော်ကျော်ထွေး(မိုးညှင်း)