တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေ

 

တန့်ယန်း  နိုဝင်ဘာ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် စည်ပင် သာယာရေးဌာနတို့က မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရံပုံငွေအပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က လမ်းအရည်အသွေး ကောင်းမွန်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ ရွှေတောင်ကြားလမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်း အမှတ်(၉)ရပ်ကွက်ရှိ ရွှေတောင်ကြားလမ်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၉၆)သိန်းဖြင့် အရှည် (၅၀၀)ပေ၊ အကျယ် (၁၂)ပေကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက် ပေးနေလျက်ရှိပြီး အမှတ်(၄)ပ်ကွက်ရှိ အနော်ရထာလမ်း အရှည်(၄၀၀)ပေ၊ အကျယ်(၁၈)ပေကို ကတ္တရာထပ်ပိုးလွှာလမ်း အဖြစ် လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ ဝိန်းလောင်းလမ်းသွယ်(၁) အရှည်(၅၀၀)ပေ၊ အကျယ်(၁)ပေကို ကတ္တရာလမ်း အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ အမှတ်(၂) ရပ်ကွက်ရှိ ဗိုလ်ဗထူးလမ်း၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် ဆက်သွယ်ထားသော မိုခေါင်လမ်း၊ အမှတ်(၁၀) ရပ်ကွက်ရှိ သခင်မြ လမ်းတို့ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။            

 

 မင်းလွင်ဦး(ပြန်/ဆက်)