မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းနှင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်မှတ်ထားသည့် အခြေခံမူများနှင့်အညီ ရွေးချယ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်အိအိပြုံး၊ ဦးဇော်မိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းစိုး (လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၇၆)အုပ်စု၊ ကျေးရွာခွဲပေါင်း(၄၄၂)ရွာရှိပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်ရန် ကျေးရွာတာဝန်ရှိသူများ၏ တင်ပြမှုမှ ကျေးရွာပေါင်း (၃၅)ရွာရှိသည့်အနက် ဒေသဖွံ့ဖြိုးရေး အားနည်းသည့် ကျေးရွာ(၂၅)ရွာအား တာဝန်ရှိသူများ က ပဏာမရွေးချယ် အတည်ပြုပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ထရော်စခန်းကြီးကျေးရွာအား ပဏာမရွေးချယ် အတည်ပြုခဲ့ကြောင်း မြို့နယ် ကျေးလက် ဦးစီးဌာနရုံးက သိရသည်။
အောင်ခိုင်၊ (မအူပင်)