မူဆယ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၄၀၀) ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်

မူဆယ်      နိုဝင်ဘာ       ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု(၈၄၀၇)အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများထံသို့ စတုတ္ထ အကြိမ်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်မ၌ ပြုလုပ်သည်။

ရှေးဦးစွာ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်က နိုင်ငံတော်မှ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ဝယ် အရောက်ပေးအပ်ရာ၌ မှတ်တမ်းများနှင့်တစ်ကွ စနစ်တစ်ကျ ပေးအပ်ရန် မှာကြားသည်။ ဆက်လက်ပြီး မူဆယ်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိရပ်ကွက်/ ကျေးရွာ အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း မှတ်တမ်းများကို သေချာကောက်ယူ၍ အမှား အယွင်းမရှိဘဲ ဆင်ပြေချောမွေ့စွာ ထောက်ပံ့ပေးအပ်နိုင်ရန် ပြောကြားသည်။

ထောက်ပံ့ငွေပေးအပ်သော အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ယခင်ထောက်ပံ့ငွေများ ပေးအပ်ရာ၌ မိမိဒေသအလိုက် ကြုံတွေ့ရသည့် အခက်အခဲများ၊ ထောက်ပံ့ငွေများပေးအပ်ရာ၌ ကြုံတွေ့ရမည့် အခက်အခဲများကို ဝိုင်းဝန်းတင်ပြဆွေးနွေးကြပြီး ဆွေးနွေးချက်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးပေးသည်။

ထို့နောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၄၀၇) အတွက် လက်ဝယ်အရောက် ပေးအပ်နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မူဆယ်မြို့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပန်ဆိုင်း(ကြူကုတ်) မြို့၊ မုံးကိုးမြို့နှင့် မန့်ဟီးရိုးမြို့တို့မှ တက်ရောက် လာကြသည့် မြို့အုပ်ချုပ်ရေးမှူးများထံသို့ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)