ရေဖြူ နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်ရှိ တောင်သူ ဦးမျိုးနိုင်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းသုခ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန်နေ့က စံကွက် ရိတ်သိမ်းခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။
အဆိုပါ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၁၃၁) တင်းခန့်၊ အခြောက် (၁၁၅)တင်း ထွက်ရှိကြောင်း၊ ရေဖြူမြို့နယ်အနေဖြင့် နည်းပညာပေးရန် မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက်(၁၂၀)ဧကကို စိုက်ပျိုးထားရှိကြောင်း၊ မိုးစပါးမျိုးစေ့ အမျိုးအစားများ အနေဖြင့် ဆင်းသုခ စပါးများ အား မြို့နယ်အတွင်းတွင် မိုးစပါး မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေး ၊ မျိုးစေ့ထုတ်ကွက် များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိ ပါကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းကတောင်သူများအား ရှင်းပြခဲ့သည်။
အဆိုပါမိုးစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာ မြေနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး၊ထားဝယ် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ရေဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)