မောက်မယ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် လုပ်ငန်းမှထွက်ရှိသော မျိုးသန့်စပါးမျိုးများကို တောင်သူမှတောင်သူသို့ မျိုးပြန့်ပွား စိုက်ပျိုးနိုင်ရေးအတွက် ပခန်းရွှေဝါ စပါးမျိုးများ၏ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှု များကို ဒေသခံတောင်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့မအုပ်စုရှိ တောင်သူဦးစိုင်းတ၏ လယ်ကွင်း၌ ရှင်းလင်းပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှင်းလင်းပြသဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများက တက်ရောက်လာသော တောင်သူများအား စပါးမျိုးများနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး တောင်သူ ဦးစိုင်းတ၏ မျိုးသန့်ပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့် လယ်ကွက်တွင် စံနှုန်းများ တိုင်းတာ ခြင်း အထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရှင်းလင်းပြသခြင်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့် ဒေသခံ တောင်သူများ (၃၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)