ကျွန်းစု ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အလက (ခွဲ) တီးပူကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစားပြုလုပ်ခြင်းမှ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကာ အားကစားလှုပ်ရှားမှုအား လက်တွေ့သရုပ်ပြခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က Gender အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား-မရေးရာ စံနှုန်းများ၊ အခွင့်အလမ်း မတူညီမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရန်နှင့် စသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် ကျေးရွာတာဝန်ခံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ် ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)