ပုလော ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်၍ ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ ပုလောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး (၁) ဒေါ်ခင်စန္ဒာက မိုးဦးကာလဖြစ်၍ အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သော ဝမ်းပျက်/ ဝမ်းလျှော ရောဂါကို ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါကြောင်း၊ ယင်နားအစားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းကိုရှောင်ကြဉ်ရန်၊ ယင်လုံအိမ်သာသုံးစွဲကြရန်၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်သုံးရန်လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးကို ဂရုပြုရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသရန်လိုအပ်ကြောင်း၊ ပြင်းထန်ကာလဝမ်း ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှော ရောဂါများ၏ ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး အထက(၂)ကျောင်းဆရာမများနှင့် ကျောင်းသား/ ကျောင်းသူကလေးများအား ကိုယ်အလေးချိန်ပေးပြီး၊ တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)