ပုလော ဇူလိုင် ၁၂
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၇) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်က ကျောင်းသူ/သား လူငယ် လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးအနက်ထား အမြတ်တနိုး တန်ဖိုးထားတတ် ဂုဏ်ယူတတ်စေရန်ရည်ရွယ်၍ အခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်မိုးမိုးရည်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား/သူများကို ဆရာကြီးနှင့်ဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့်(၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် အာဇာနည်(၉)ဦးတို့၏ ဓာတ်ပုံနှင့် ကိုယ်ရေးအကျဉ်းများပါရှိသော ဇီဝဇိုး နံရံကပ်စာစောင်များကို ကျောင်းသူ/သားများက စိတ်ဝင်တစား လေ့လာမှတ်သား ကြည့်ရှုကြကြောင်း သိရှိရသည်။
အေးအေးမော်(ပုလော)