လွယ်ဂျယ် နိုဝင်ဘာ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ Quarantine Centre ရှိ ရန်ကုန်မှလာရောက်သူ အမျိုးသမီး (၃)ဦးထံမှ နိုဝင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ပြီး နောက်ပိုင်း လွယ်ဂျယ်သို့ လာရောက်သူ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်နှင့် လိုအပ်သည့် အချက်အလက်များ တိကျသေခြာအောင် စစ်ဆေးနိုင်ရန်အတွက် လွယ်ဂျယ်-မိုးမောက် သွားလမ်း မိုင်(၄ဝ)(၃)ဖာလုံ၌ စစ်ဆေးရေးဂိတ်တစ်ခု ဆောင်ရွက်ပြီး ယမန်နေ့မှစ၍ ခရီးသွားရာဇဝင်များ စစ်ဆေးကြပ်မတ် လျက်ရှိကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ “ခုဆိုရင် လွယ်ဂျယ်မှာ ကချင်ပြည်နယ်ပြင်ပမှ အလုပ်လုပ်ကိုင်ရန် လာရောက်သူ ပိုများလာတယ်၊ ကြံခုတ်ရာသီလည်း နီးလာတာကြောင့် လွယ်ဂျယ်ကို အလုပ်လုပ်ဖို့ လာကြဖို့ရှိတယ်လို့လည်း ကြားနေရတယ်၊ ကျွန်တော်တို့ နယ်စပ်မြို့လေးဟာ ပြည်ပပြန်ကို မကြောက်ရဘူး ပြည်တွင်းက လာတဲ့သူတွေကို ကြောက်နေရတယ်၊ ဒါကြောင့် မြို့မိမြို့ဖများ၊ ယဉ်ကျေးမှု အဖွဲ့များနဲ့ ပူးပေါင်းပြီး ခုလိုစစ်ဆေးရေးဂိတ်ဖွင့်ပြီး ဆောင်ရွက်ရခြင်းဖြစ်တယ်” ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။
လွယ်ဂျယ်သို့ လာရောက်သူများအနေဖြင့် ကုန်တင်ယာဉ်များကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ယောက်သာ လိုက်ပါရန်နှင့် ၎င်းတို့အနေဖြင့် ကုမ္ပဏီထောက်ခံချက်(သို့မဟုတ်) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်လာရန်၊ ခရီးသည်တင်ယာဉ်များ အနေဖြင့် ကျန်းမာရေး လက်မှတ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပါမှသာလျှင် အဝင်လက်ခံမည် ဖြစ်ကြောင်းနှင့် ပညာပေးကာလကို တစ်ပတ်ခွင့်ပြုထားကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)