ဝိုင်းမော်မြို့နယ်၌ တစ်သျှူးငှက်ပျောကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုး မရှိကြောင်း သိရ

ဝိုင်းမော်  နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ တစ်သျှူးငှက်ပျောကုန်တင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များအား နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီမှည‌နေ ၄ နာရီအတွင်း RDT(Rapid Antigen Diagnosis Test Kit) ဖြင့် အမှတ်-၂ ရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ စစ်ဆးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကန်ပိုက်တီ - ဝိုင်းမော် နယ်စပ် ကုန်သွယ်ရေး ပုံမှန်လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တစ်သျှူးငှက်ပျော သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်‌မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း၏ ကြီးကြပ်မူဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့ဦး‌ဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်သီးနှံ စိုက်ပျိုးထုတ်လုပ် သူများအသင်း၊ ပြည်နယ်ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ (၂၂) ဘီး၊ (၁၂) ဘီးကုန်တင် ယာဉ် (၄၀၀) ကျော်မှ ယာဉ်မောင်း (၂၂၆) ဦး၊ ယာဉ်နောက်လိုက် (၁၇၈) ဦး စုစုပေါင်း (၄၀၄) ဦးအား Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉‌ ရောဂါပိုး မရှိကြောင်း သိရှိရသည်။

ယင်းနောက် ကျန်းမာရေး အဖြေထွက်ရှိပြီးသော တစ်သျှူးငှက်‌ပျောယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် မြို့တွင်း၌သာ နေထိုင်ရမည်ဖြစ်ပြီး အရေးကြီးကိစ္စများ၊ မော်တော်ယာဉ် သွားရောက်ပြုပြင်ရမည့် ကိစ္စရပ်များမှအပ အခြားနယ်မြေကျော်လွန်၍ သွားရောက်ခြင်းမပြုရန်နှင့် မြို့နယ်ကျော်သွားရောက်မည်ဆိုပါက ကိုဗစ်-၁၉‌ ရောဂါထိန်းချုပ်၊ ကာကွယ်ကုသရေး ကော်မတီထံသို့ တင်ပြပြီး ခွင့်ပြုချက်ရမှသာလျှင် ထွက်ခွါရမည်ဖြစ်ပြီး လိုက်နာမူမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ခိုင်သက်မွန်