ကော့သောင်း နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် ကော့သောင်းမြိုနယ်အတွင်း လူနေထူထပ်သော စက်ရုံ၊ အလုပ်ရုံများ တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကြောင့် မြို့နယ်အတွင်းရှိ လူစုလူဝေး နေရာများဖြစ်ကြသည့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားများ နှာခေါင်းစည်းများ တပ်ဆင်လာ၍ ရောဂါကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ်ရေး နည်းလမ်းများနှင့် ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား စနစ်တကျ ဂရုပြုလိုက်နာဆောင်ရွက်ရန် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ၊ သောက်ရေသန့် စက်ရုံများ အခြားအိမ်တွင်းအလုပ်ရုံများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)