မိတ္ထီလာ၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးသော ဒေသနေကြာ မျိုးများအစား အထွက်နှုန်းကောင်းမွန်သော ရေဆင်း စပ်မျိုးနေကြာများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် သီးထပ်သီးညှပ်သီးနှံအဖြစ် နေကြာကို မိုးဦး ကာလ၊ မိုးနှောင်း ကာလများတွင် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ သီးထပ်သီးညှပ်အဖြစ် နေကြာကို စိုက်ပျိုးရာတွင် ဒေသနေကြာ မျိုးများကို စိုက်ပျိုးလျက်ရှိရာမှ ဒေသခံ တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် စပ်မျိုးနေကြာကို ပြောင်းလဲစိုက်ပျိုး နိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးကူညီသည့်အပြင် ရေဆင်း စပ်မျိုးနေကြာမျိုးများကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာကို မိုးနှောင်းသီးနှံအဖြစ် တော်သလင်းလတွင် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် အထွက်နှုန်းကောင်မွန်သည့် ရေဆင်းစပ်မျိုးနေကြာကို စိုက်ဧက နှစ်ဧကတွင် စိုက်ပျိုးထားရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် စပ်မျိုးနေကြာ တစ်ထုပ်ကို ငွေကျပ် တစ်သောင်းနှုန်းပေးရပြီး စပ်မျိုးနေကြာတစ်ထုပ်လျှင် စိုက်ဧက တစ်ဧကခွဲနှုန်းဖြင့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာတွင်လည်း နေကြာပင်ကို တန်းကြား ၊ ပင်ကြားစနစ်ဖြင့် တစ်တန်းလျှင် သုံးပေအကွာစိုက်ပျိုးထားရှိသည်။ ယင်းသို့ စိုက်ပျိုးထား ရှိသော စပ်မျိုးနေကြာပင်များ နှစ်ပင်ထက်ကျော်ပါက သားခွဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရသည်။ သို့မှာသာ အပင်များ အောင်မြင် ဖြစ်ထွန်းမည်ဖြစ်ကြောင်း ဂွေးတောက်ကုန်းကျေးရွာမှ စပ်မျိုးနေကြာ စိုက်ပျိုးထားရှိသော ဦးတင်စိုးက ပြောပြ၍ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)