မြစ်ကြီးနားမြို့ (၂၁)မိုင်စုပေါင်းဂိတ်၌ ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်

မြစ်ကြီးနား  နိုဝင်ဘာ  ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့အဝင် ၂၁ မိုင် စုပေါင်းဂိတ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မူဖြင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ၂၁ မိုင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသို့ ဝင်ရောက်လာကြမည့် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားလာခွင့် ကျန်းမာရေး ထောက်ခံစာများ စစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်များ ရယူခြင်း၊ နေရပ်လိပ်စာရယူခြင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ရယူခြင်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်း/ပြည်ပဒေသများမှ မိမိတို့မြို့သို့ ပြန်လည်ဝင်ရောက် လာပါက မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်နှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထားရှိသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် Quarantine ၁၄ ရက် ၀င်ရမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ခံယူရမည်ဖြစ်ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)