ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် လမင်းတရာစာကြည့်တိုက်တို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်နှင့် လမင်းတရာစာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော  “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” စာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၅ ရှိ လမင်းတရာ စာကြည့်တိုက်တွင် ကျင်းပသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ရှေးဦးစွာ ရပ်ကွက်ကြီး(၅)အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်း က အဖွင့်အမှာစကားပြောကြား၍ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များအရောက် ယခုလိုကွင်းဆင်းကာ စာပေဟောပြောပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်း၏ ကိုယ်ရေးအကျဉ်းအား မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ပြင်ဦးလွင်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ ကဖတ်ကြားပြီး ပြင်ဦးလွင်ခရိုင်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းက  “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ဒေသခံပြည်သူများ စာပေအသိသုတဖြစ်ဖွယ်အကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။

အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေ ဟောပြောပွဲသို့ ပြင်ဦးလွင်ခရိုင်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် တာဝန်ရှိသူများ၊ လမင်းတရာ စာကြည့်တိုက်တည်ထောင်သူနှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ပြင်ဦးလွင်မြို့နယ်) ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲများကို ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြားသောရပ်ကွက်/ကျေးရွာစာကြည့်တိုက်များတွင်လည်း ယခုကဲ့သို့ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)