တန့်ယန်းမြို့နယ်တွင် အသက်(၃၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

တန့်ယန်း  နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အသက်(၃၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည်   ချောင်းဆိုး လည်ချောင်းနာ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရာမှ ဆက်လက်ဆေးကုသမှု ခံယူရန် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးချက်အရ  ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာသည် တစ်လကျော်ကြာ ချောင်းဆိုးနေခြင်းကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိပြီး ယမန်နေ့က လားရှိးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆက်လက်ဆေးကုသရန် စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်၍ လူနာနှင့် ထိတွေ့ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လားရှိုးသို့ ပို့ဆောင်ပေးခဲ့သော ယာဉ်မောင်း၊ ထိတွေ့မှုရှိခဲ့သည့် မိသားစုများအား Quarantine ထားရှိပြီးဖြစ်သည်။

ယင်းအပြင် အရေးပေါ်တုန့်ပြန်ဆောင်ရွက်သည့်အနေဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ  လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် အမှတ်(၅)ရပ်ကွက် အုပ်စု(၉)ရှိ နေအိမ်နှင့် အမှတ်(၂)ရပ်ကွက် အုပ်စု(၃)ရှိ နေအိမ်များအား ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)