မိုင်းစံမြို့၌ မိုးစပါးများရိတ်သိမ်းခြင်း ဆောင်ရွက်

မိုင်းစံ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းစံမြို့အနီးဝန်းကျင်နှင့် ကျေးရွာများတွင် တောင်သူများ စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးများ ရိတ်သိမ်း​နေပြီပြီဖြစ်၍ နေ့စားအလုပ်သမားများ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

မိုင်းစံမြို့တွင် တောင်သူအများစုမှာ မိုးရေကိုသာအဓိက အားထားစိုက်ပျိုးလျက်ရှိပြီး ယခုလို မိုးကောင်းသော နှစ်များတွင် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်မှာ အစော စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် မိမိတို့ စိုက်ပျိုးသီးနှံများကို စောလျင်စွာရိတ်သိမ်းရတာဖြစ်ကြောင်း ယခုနှစ် စပါးခင်းတွေမှာ သီးနှံဖျက်ပိုးမွှား ရောဂါတွေ ကျရောက်တာလဲ မရှိတဲ့အတွက် ယခင်နှစ်တွေကထက် အောင်မြင်ဖြစ်ထွန်းပြီး စပါးစိုက်တောင်သူ တွေ တော်တော်ရကြမှာဖြစ်ပြီး အခုစတင်ရိတ်သိမ်းနေတာက ​ဝိန်းကမ်ရပ်ကွက် ဒေါ်နန်းပဲ၏ စိုက်ကွက်(၃)ဧက မှာ စိုက်ပျိုးထားတဲ့စပါးခင်းများဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦး က ပြောသည်။

“ကျွန်မတို့က ယခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ လုပ်ငန်းတွေလဲနားတော့ စပါးစိုက်ပျိုးချိန် ပြီးကတည်းက နေ့စားအလုပ်တွေ မလုပ်ရတာကြာပြီး အခုမိုးစပါးတွေ  ရိတ်သိမ်းတော့ စပါးရိတ်၊ စပါးပုတ်အလုပ်တွေ ပြန်လုပ်ရတဲ့အတွက် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရလို့ အဆင်ပြေပါတယ် ဟု ဝိန်းစန်းရပ်နေ နေ့စား အလုပ်သမားတစ်ဦး က ပြောသည်။

ခင်ချို (ပြန်/ဆက်)