ဆွမ်ပရာဘွမ်မြို့နယ်၌ ၅ နှစ်အောက် ကလေး အာဟာရစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ဆွမ်ပရာဘွမ်  နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၅ နှစ်အောက် ကလေးအာဟာရ စောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ၅ နှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ခြင်းနှင့် လက်မောင်း လုံးပတ်တိုင်းတားခြင်း၊ အာဟာရ ချို့တဲ့ကလေးများအား Micro Nutrient Powder နှင့် RUTF တိုက်ကျွေးခြင်း၊ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန မြို့နယ်ကျန်းမာရေး အဆင့်- ၁ ဒေါ်ဂျေလုဂျာ ဦးဆောင်၍ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက ဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့နယ် ရပ်ကွက်(၃) ရပ်ကွက်ရှိ ၅ နှစ်အောက်ကလေးငယ် (၆၉) ဦးအား ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီထိ အာဟာရစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာ အုပ်စု(၉)အုပ်စုရှိ ၅ နှစ်အောက် ကလေးငယ်များအား အာဟာရ စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)