ကျောက်မဲမြို့တွင်းသို့ ယာယီပြောင်းရွှေ့ထားသည့် ကုန်တင်ယာဉ်မောင်းများ စစ်ဆေးရေးဂိတ်ကို မူလနေရာသို့ ပြန်လည်ထားရှိ

ကျောက်မဲ နိုဝင်ဘာ ၁၇

ဒေသလုံခြုံရေးအရ ကျောက်မဲမြို့အဝင်၊ မိုးလုံလေလုံ အားကစားခန်းမအနီး ပင်လုံလမ်းမပေါ်တွင် အောက်တိုဘာလဆန်းပိုင်းကစ၍  ယာယီပြောင်းလဲထားရှိခဲ့သည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို ယမန်နေ့က မူလနေရာ ခိုမုန်းကျေးရွာ စာသင်ကျောင်း၌ ပြန်လည်ရွှေ့ပြောင်းထားရှိကြောင်း ကျောက်မဲမြို့နယ် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကူးစက်မှု မြင့်မားလာသည့်နောက် ကျောက်မဲမြို့တွင်းသို့ ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် ဒေသမှလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို  မြို့တွင်းသို့  ဝင်ရောက်ခွင့်မပြုပဲ ယာဉ်မောင်းယာဉ်နောက်လိုက်များ အစားထိုး လှဲလှယ်စေပြီး မြို့တွင်းဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အဆိုပါ Check Point -2 ကို ခိုမုန်းကျေးရွာ စာသင်ကျောင်း၌  စက်တင်ဘာ လ ၁၅ ရက်နေ့က စတင်ထားရှိခဲ့သည်။

ကျောက်မဲမြို့အနီးတွင် အောက်တိုဘာလဆန်းပိုင်းက  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသလုံခြုံရေး အခြေအနေအရ အဆိုပါကုန်တင်ယာဉ်များ စစ်ဆေးရေးဂိတ် Check Point -2 ကို မြို့တွင်း မိုးလုံလေလုံ အားကစားခန်းမအနီးနေရာသို့ ယာယီရွှေ့ပြောင်းထားခဲ့ရခြင်းဖြစ်သည်။

ယခုအခါ   ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် Check Point -2 ကို မူလနေရာသို့ ပြန်လည်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)