ဘုတ်ပြင်း ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိကိုလည်းကောင်း၊ ၁၉ ဇူလိုင်မမေ့နိုင်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်ချက်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကိုကျင်းပရာ အမက-ရွှေဘုံသာကျောင်းမှ ကျောင်းသားကျောင်းသူ (၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အတ္တုပ္ပတ္တိများ၊ ကဗျာ၊ ဆောင်းပါးများ စသည့် နံရံကပ်စာစောင်များ၊စာအုပ်စာစောင်းများ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ဘုတ်ပြင်း (ပြန်/ဆက်)