ဟင်္သာတခရိုင် ပြည်သူ့စာကြည့်တိုက်၌ အွန်လိုင်းမှတစ်ဆင့် ပုံပြောခြင်းအစီအစဉ် ထုတ်လွှင့်နိုင်ရန် ရိုက်ကူးခြင်း ဆောင်ရွက်

ဟင်္သာတ  နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသောကြောင့် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး စာကြည့်တိုက်အား ယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အွန်လိုင်းမှတဆင့် အသိပညာပေးခြင်း လုပ်ငန်းများကို  အပတ်စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပုံပြောပြခြင်း အစီအစဉ်ကို ရိုက်ကူးခဲ့ကြောင်း သိရသည်။

အစီအစဉ်တွင် ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည့် “ဆေးဖက်ဝင် ပျားအုံလေး” ပုံပြင်နှင့် ယင်းတလဲ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “ခြကလေး” ပုံပြင်တို့ကို (ရုပ်/သံ)ကျွမ်းကျင်-၃ ဒေါ်မေဝင့်ရွှေရည်က သားငယ်၊ သမီးငယ်များ ကြည့်ရှု နားထောင်နိုင်ရန် တင်ဆက် ပေးထားကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အွန်လိုင်းမှတဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရာတွင် စာဖတ်ပရိသတ်ပြည်သူများနှင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်း များကို ရိုက်ကူး၍ ဟင်္သာတခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်ပေးပြီး Talk Show အစီအစဉ်များ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပေးသတင်းများ၊ ဒေသဆိုင်ရာ သတင်းများနှင့် နိုင်ငံတော်၏ ထုတ်ပြန်ချက် အစရှိသည့် သတင်းအချက်အလက်များကို IPRD Hinthada Facebook Page တို့တွင် နေ့စဉ်ဖော်ပြ ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)