ဖားဆောင်း နိုဝင်ဘာ ၁၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဖားဆောင်းမြို့နယ်ရုံးမှကြီးမှူး၍ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံနှင့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခဲမဖြူကျေးရွာရှိ သောသီခိုခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းထွေးသူက အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ထပ်ဆင့် အမှာစကားကိုလည်းကောင်း၊ ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရစ်ချက်က သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသန်းဝင်းစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာမက သင်တန်းတွင်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ များကိုလည်းကောင်း၊ ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်လွင်က သင်တန်းတွင်သင်ကြားပို့ချသည့်ဘာသာရပ်များကို မိမိတို့ မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနိုင်သည်အထိ လေ့လာ သင်ယူကြစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသင်ကြားနေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းကို (၄၅)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ(၂၀)ဦး တက်ရောက်ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)