ထားဝယ် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် အခွန်နှင့်ရပ်တည်ကြရကြောင်း၊ ရရှိလာသောအခွန်များကို တိုင်းပြည်အတွက် လမ်းတံတား၊ ကျောင်း၊ ဆေးရုံ၊ ဆည်မြောင်း၊ တာတမံ၊ လျှပ်စစ်စသဖြင့်နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေခံအဆောက်အဦများအတွက် အသုံးပြုရသလို နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ်နှင့် အိုနာစာပင်စင်စားတို့ကိုလည်း အခွန်ရငွေထဲကနေ အသုံးပြုရကြောင်း၊ အခွန်ထမ်းများအနေဖြင့် တာဝန်သိသိလိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်းမဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ရွှေဆိုင်များမှ ပြေစာများ ထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ထားဝယ်မြို့နယ်အခွန်ဦးစီးမှူးဦးတင်ထွန်းရွှေက ပြေစာများအပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်းသိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ထားဝယ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)