ထားဝယ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုပွဲနှင့် စာမေးပွဲ အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

ထားဝယ် ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ ဘာသာစုံဂုဏ်ထူးရရှိကြသော မောင်လင်းလင်းပိုင်(နိုင်ငံအဆင့်ပထမ)၊ မောင်မိုးမြင့်ထက်အောင်၊ မောင်ထူးမြတ်မင်းအိမ်တို့အား ဂုဏ်ပြုပွဲနှင့် ဒွါဒသမတန်း ကျောင်းသား/ကျောင်းသူများအား အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိကြသော ကျောင်းသား/သူများက ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများအား ကြိုးစားအားထုတ်ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေပေးမည့် အခမ်းအနားဖြစ်ကြောင်း၊ ဘာသာစုံဂုဏ်ထူးရရှိကြသူများသည့် အောင်မြင်မှုပန်းတိုင်ကို လွယ်ကူစွာ ရရှိခဲ့ခြင်း မဟုတ်ကြောင်း၊ အခက်အခဲနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းပြီးကြိုးစား၍ ကျော်လွားကာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသော ကျောင်းသး/သူများအနေဖြင့် ထူးချွန်စွာ အောင်မြင်သူများ၏ မျှဝေအတွေ့အကြုံကောင်းများကို သေချာစွာ လေ့လာမှတ်သားပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်နှင့် အနာဂတ်အတွက် အားကိုးအားထားသူများဖြစ်အောင် ကြိုးစားကြရန်၊ မိမိကိုယ်မိမိကောင်းအောင်ကြိုးစားခြင်းဖြင့် ကျောင်းဂုဏ်ဆောင်၊ တိုင်းဂုဏ်ဆောင်၊ နိုင်ငံတော်အဆင့် ထူးချွန်သူများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးနှင့် နိုင်ငံတော်အဆင့် ပထမဆုရရှိအောင် သင်ကြားပေးနိုင်သော ကန်စွန်းအင်ကိုယ်ပိုင်အထက်တန်းကျောင်း(မြိတ်မြို့)၊ (၆)ဘာသာဂုဏ်ထူးရရှိ အောင်သင်ကြားပေးနိုင်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ကာ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးက မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသော (၆)ဘာသာဂုဏ်ထူးရှင် (ဝိပ္ပံဘာသာတွဲ) မောင်လင်းလင်းပိုင်နှင့် (၆)ဘာသာဂုဏ်ထူးရှင်များဖြစ်သည့် မောင်မိုးမြင့်ထက်အောင်၊ မောင်ထူးမြတ်မင်းအိမ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ ဆရာ/မများက တို့တာဝန်သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ဂုဏ်ထူးရရှိသော ကျောင်းသား/သူများက အတွေ့အကြုံများအား ပြန်လည်မျှဝေကာ ကန်စွန်းအင်ကိုယ်ပိုင်အထက်တန်းကျောင်း(မြိတ်မြို့)ဆရာမကြီး ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/သူများက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)