ဒေးဒရဲ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ် အုပ်ချုပ်ရေး မှူးရုံးခန်း၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များအား ရှင်းလင်းပြောကြား၍ ကျေးရွာများမှ မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ တင်ပြလာသော တင်ပြစာများအား ဆွေးနွေးခြင်း၊ Mask Campaign အဖြစ် နိုဝင်ဘာလ ၂၀ရက်နေ့မှ ၂၂ရက်နေ့အထိ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေး၊ အေဝမ်းဈေး၊ ရုံးကြီး(၆)လမ်းဈေး၊ ဗိုလ်ချုပ်ကြေးရုပ်၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ရွှေမောင်းဂိတ်စသည့် နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကိုဗစ်-၁၀ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားသည့် ထောက်ပံ့ငွေများနှင့် အလှူရှင်များက လှူဒါန်းထားသည့် အလှူငွေများအား သုံးစွဲထားမှု၊ ကျန်ရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ကော်မတီဝင်များ တက်ရောက် ကြကြောင်းသိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)