ပြည်ကြီးမဏ္ဍိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇   

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  ကဗျာရွတ်ပြိုင်ပွဲတွင်  ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ‌‌ဒေါ်ကေခိုင်ဝင်းက  ကျောင်းသား၊  ကျောင်းသူများအနေဖြင့်  စာဖတ်စွမ်းရည်၊ အပြောစွမ်းရည်တိုးတက်မြင့်မားစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအား သိရှိစေရန်နှင့်ကဗျာရွတ်ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)မှ မူလတန်းအဆင့်  Grade-3 မှကျောင်းသား၊ ကျောင်းသူ(၂၁) ဦးတို့က “စာဖတ်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-4 မှ ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က “စာကြည့်တိုက်သွားကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို  တာဝန်ရှိသူများက  ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)