ကျိုင်းတောင်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကာလအတွင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခန့် က ကျိုင်းတောင်းမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်/စာစောင်ငှားရမ်းခြင်းကို ခေတ္တပိတ်ထားခြင်းကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း စာပေချစ်မြတ် နိုးသော မိဘပြည်သူများအတွက် စာအုပ်/စာစောင်များ မိတ်ဆက်ပေးခြင်း အထွေထွေဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ Online မှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျိုင်းတောင်းနယ်မြေ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပသည်။
ထိုသို့ ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စန်းစန်းယဉ်မှ အစီအစဉ်များမိတ်ဆက်၍ ကျိုင်းတောင်းနယ်မြေရဲစခန်း ရဲအုပ် ဦးမျိုးမြင့်အောင်မှ မူးယစ်ဆေးဝါး အန္တရာယ် ဆိုင်ရာ အချက်အလက်များကို အများပြည်သူများ ဗဟုသုတရရှိစေရန်အတွက် ရှင်းလင်းဆွေးနွေး တင်ပြသည်။
အဆိုပါ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယင်းရိုက်ကူးထားသည့် ဗွီဒီယိုကလစ်များကို ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ယက် စာမျက်နှာဖြစ်သည့် "ကျိုင်းတောင်း ပြည်သူ့စာကြည့်တိုက်" Page တွင်လည်း လွှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)